Social Icons

Pages

Saturday, December 1, 2012

မြန်မာ့ရိုးရာလက်ဝှေ့

မြန်မာရိုးရာလက်ဝှေ့  ပညာရပ်ကို ပုဂံခေတ်မှစ၍ စတင်ခဲ့သည်။ မြန်မာ့လက်ဝှေ့ သည် အခြားလက်ဝှေ့  များနှင့်မတူသည်မှာ လက်သီးနှစ်လုံးသာမက ခြေဖျား၊ ဒူး၊ တံတောင်၊ ခေါင်း အကုန်အသုံးပြု၍ တိုက်ခိုက်နိုင်သည်။ ဂျူဒိုကဲ့သို့လည်း ချုပ်နိုင်သည်၊ ကိုင်ပေါက်နိုင်သည်။ သိုင်းကဲ့သို့လည်း ခုန်ပျံကျော်လွှား တိုက်ခိုက်နိုင်သည်။ မြန်မာမင်းများကိုတိုင် ချီးမြှောက်အားပေးခဲ့သည့် ပညာရပ်လည်းဖြစ်သည်။ ရှေးအခါက မြန်မာလက်ဝှေ့ ပြိုင်ပွဲများကို ၂၄ ပေ ပတ်လည်ခန့်ရှိသည့် မြေစိုက်ဝိုင်းများဖြင့် ထိုးသတ်ကြသည်။

မြန်မာ့လက်ဝှေ့ သမားတို့၏ပုံသဏ္ဍာန်
မြန်မာလက်ဝှေ့ သမားများသည် အပေါ်ပိုင်းတွင် အင်္ကျီမပါ၊ အောက်ပိုင်းတွင် မူ ဘောင်းဘီအတိုပေါ်တွင် ပုဆိုးကို သုံးမြှောက်ပုံချိုးကာ ခါပုံအဖြစ် စည်းနှောင်ထားလေ့ရှိသည်။ ယနေ့ခေတ်အထိ ထိုအတိုင် ထိုးသတ်ကြသည့်သူများ ရှိသေးသည်။

အတန်းအစား
အရပ်အမောင်း၊ အသက်အရွယ်၊ ကိုယ်အလေးချိန်လိုက်သတ်မှတ်ထားခြင်းမရှိပါ။ ပညာအရည်အချင်းလိုက် အတန်းခွဲခြားထားသည်။ အတန်းများမှာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ဟူး၍ သတ်မှတ်သည်။
တတိယတန်းမှာ အလံရမှာသာ ဒုတိယတန်းကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ ဒုတိယတန်းမှာ အလံရမှသာ ပထမတန်း ကို တက်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။

လက်ဝှေ့ ဆိုင်း
မြန်မာ့လက်ဝှေ့  ထိုးသတ်ချိန်တွင် မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့်  " ဗိန်းမောင်း " တီးပေးရသည်။ ဗိန်းမောင်းသံ သည် လက်ဝှေ့ သမားတို့ သတ်လုံကြမ်းလေ ဆိုင်းသံမာလေပင်ဖြစ်သည်။

လက်ဝှေ့ ရေး
လက်ဝှေ့ ဝိုင်းတွင်ဝင်လာပါက မိမိ၏လက်ဝှေ့ စွမ်းရည်ကို ပရိသတ်မြင်အောင် လက်ဝှေ့ ရေးပြကြသည်။ လက်ဝှေ့ ရေးပြရာတွင် ဆိုင်းစည်ချက်နဲ့အညီ လက်ဝှေ့ ရေးပြကြသည်။ လက်ဝှေ့ ရေးပြပြီ မိမိဆရာနှင့် ပရိသတ်ကို ကန်တော့ကြသည်မှာ မြန်မာလက်ဝှေ့ ၏ ချစ်စရာဓလေ့တစ်ခုဖြစ်သည်။ ထို့နောက်လက်ဝှေ့  ပြိုင်ပွဲစသည်။ ပြိုင်ပွဲတွင် အနိုင်ရသူက ပရိသတ်ကို အောင်နိုင်သူအဖြစ် တဖန်လက်ဝှေ့ ရေးထပ်ပြသည်။

စည်းကမ်း
မြန်မာ့လက်ဝှေ့ တွင် လက်သီး၊ တတောင်၊ ဒူး၊ ခြေဖျား၊ ခေါင်းတို့ဖြင့် ထိုး၊ တွက်၊ ထောင်း၊ တိုက်၊ ခတ်၊ ရိုက်နိုင်သည်။ သို့သော် ဆံပင်မဆွဲရ၊ မကိုက်ရ၊ မကုတ်ရ၊ အင်္ဂါစပ်ကို မကန်ရ၊ လဲကျသူကို မတိုက်ခိုက်ရပါ။

အနိုင်အရှုံး
မြန်မာ့လက်ဝှေ့ တွင် အနိုင်အဆုံးကို သုံးမျိုးသတ်မှတ်ထားသည်။
၁။ ကွဲရှုံး ၊ ဒဏ်ရာရ၍ သွေးထွက်ပါက ဆက်ကစားခွင့်မပြုဘဲ ကွဲရှူံးဟု သတ်မှတ်သည်။
၂။ သတ်လုံရှုံး၊ အရှုံးအနိုင်မပေါ်သော်ပွဲများတွင် လက်မြှောက်အရှုံးပေးသည်အထိ ပြိုင်ရသည်။
    ဆက်မထိုးနိုင်ဘဲ အရှုံးပေးသူကို သတ်လုံရှုံးဟုသတ်မှတ်သည်။
၃။ ကြောက်ရှုံး၊ လက်ရည်မမျှလျှင် ကြောက်ရှုံးအဖြစ်သတ်မှတ်သည်။
***** စည်းကမ်းချက်ကို ဖေါက်ဖျက်ပါကလည်း အရှုံးအဖြစ်သတ်မှတ်သည်။ ( ထိုကဲ့သို့ ဖြစ်ရပ်မှာ မြန်မာ့ လက်ဝှေ့ တွင်အလွန် ရှားသည်။ ဒိုင်ကပြောလျှင် စောဒကတက်သူပင်မရှိပါ)

No comments:

Post a Comment